သဒ္ဓမ္မဇောတိကဓဇဘွဲ့ချီးမြှင့်ခြင်းခံရသည့် သထုံမြို့ ဘေးမဲ့ညောင်ဝိုင်းပရိယတ္တိစာသင်တိုက်ဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲကျင်းပ

သထုံ ဇူလိုင် ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရမှဆက်ကပ်သည့် သဒ္ဓမ္မဇောတိကဓဇဘွဲ့ ချီးမြှင့်ခြင်းခံရသည့် သထုံမြို့၊ သိမ်ကုန်းရပ်ကွက် ဘေးမဲ့ညောင်ဝိုင်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တနရိန္ဒမဟာထေရ်မြတ်အား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က ညောင်ဝိုင်းကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာ၀န်ကြီး ဦးစောအောင်ကျော်သိန်း၊ ပအိုဝ်းတိုင်းရင်းသားရေးရာ၀န်ကြီး ဦးခွန်ချစ်သိန်းနှင့်တက်ရောက်လာသူအပေါင်းတို့က သထုံမြို့၊ သဒ္ဓမ္မဇောတိကာရာမ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယ ပိဋကတ္တရပါရဂူ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၀င် အဂ္ဂမဟာပဏ္ဍိတဒ္ဒန္တသုမနာဘိ၀ံသထံမှ သီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်တို့က သဒ္ဓမ္မဇောတိကဓဇဘွဲ့ရရှိသည့် ဘေးမဲ့ညောင်ဝိုင်းပရိယတ္တိစာသင်တိုက်ဆရာတော်ထံ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး အကျိုးဆောင်တစ်ဦးက ဆရာတော်၏ ထေရုပတ္တိအားဖတ်ကြားခြင်း တေးသံရှင်တို့က ရတုပိုဒ်စုံများဖြင့်ပူဇော်ကန်တော့ခြင်းတို့ကို ပြုလုပ်ကြကာ သဒ္ဓမ္မဇောတိကာရာမ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယဆရာတော်ထံမှ အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်