မိတ္ထီလာ၊ ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၄၆ သန်း ကျော်ဖြင့် ဆောင်ရွက် လျက်ရှိသည့် ကျေးလက် ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းအား အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူ များက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရ သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာ အထောက်အကူပြု ကုန်ထုတ်လမ်းသွယ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုန်ထုတ်လမ်းများခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၄၆.၀၁၄ သန်းဖြင့် အရှည် ၁ မိုင် ၁ ဖာလုံ ရှိ မုန်တိုင်ကျေးရွာနှင့် လယ်ကွင်းအမှတ် (၈၈၃/၈၈၄)သို့ ဆက်သွယ်သောလမ်းအား မြေသာတင်ဂျင်းခင်း လုပ်ငန်းကို တင်ဒါအောင်မြင်သည့် သီရိမြင့်မိုရ် ကုမ္ပဏီက တာဝန်ယူ၍ ဇန်နဝါရီလ ၁၅ ရက်နေ့က စတင် ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကျေးလက် ကုန် ထုတ်လမ်းခြင်းလုပ်ငန်းအား အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးဦးစိုးသန်း၊ မိတ္ထီလာခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်း နှင့် တာဝန်ရှိသူတို့က ကွင်းဆင်း စစ်ဆေးခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဦးစီးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။
အဆိုပါ ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၅၀၀ကျော် လူဦးရေ ၂၈၃၅ ဦး ရှိသည့် မုန်တိုင်ကျေးရွာ၏ လယ်ယာလုပ်ငန်းမှ ထွက်ရှိလာသော ဒေသထွက်ကုန်များ ရာသီမရွေး သယ်ယူ ပို့ဆောင်နိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)