မိုးနဲ ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး အနေဖြင့် လာမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အခက်အခဲ မရှိစေရေးအတွက် အိမ်ထောင်စုဇယား မိတ္တူစိစစ် ထုတ်ပေးခြင်းကို စီမံချက်ရေးဆွဲ၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပေါ့မိုင်းရပ်ကွက်နှင့် လွိုင်မြေရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများ တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင် ဦးစီး၍ ဝန်ထမ်းများက ရပ်ကွက်အတွင်း နေထိုင်သည့် ပြည်သူများအား အိမ်ထောင်စုဇယားများ စိစစ်ဆောင်ရွက်ပေးခြင်းနှင့် အိမ်ထောင်ခွဲ/ အိမ်ထောင်စုဇယား ပျောက်ဆုံး/ပျက်စီးအိမ်ထောင်စုများအား မိတ္တူထုတ်ပေးခြင်းများ ဆောင်ရွက်ပေးသည့် အပြင် မွေးတိုး/သေ စာရင်များပါ ပူးတွဲဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးရခြင်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ကျင်းပပြုလုပ်မည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်းပါ လူပုဂ္ဂိုလ်တစ်ဦး စီကို အိမ်ထောင်စုကိုယ်စားလှယ်အဖြစ် ရွေးချယ်စေပြီး ဆောင်ရွက်ရမည်ဖြစ်၍ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အိမ်ထောင်စု လူဦးရေစာရင်း ရှိရန်လိုအပ်ချက်များ ရှိခြင်းကြောင့် ရွေးချယ်မှုများမတိုင်မီ ရပ်ကွက်၊ ကျေးရွာအုပ်စု အတွင်းရှိ အိမ်ထောင်စု များကို တည်ဆဲဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းများအား အချိန်မီပြုလုပ်ပေးရ ခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)