ကွမ်းခြံကုန်း ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်း ခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ မဖြစ်ပေါ်စေရန် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျေးရွာ မီးဘေး လုံခြုံရေးအတွက် မြို့နယ်မှ ၉ မိုင်ခန့်ဝေးသော တော်ခရမ်းလေး ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးမြတ်သူထိုက်ဦးဆောင်၍ တပ်ဖွဲ့ဝင် ၆ ဦး၊ မီးသတ်စက်ယာဉ် ၁ စီးဖြင့် ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး များလိုက်ပါ၍ ကျေးရွာအတွင်း တစ်အိမ်တက်ဆင်း မီးသုံးစွဲမှုနှင့် မီးဘေးကြိုတင် ကာကွယ်ရေး ပစ္စည်းများ ဖြစ်သည့် မီးချိပ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ထားရှိမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး မီးသုံးစွဲမှုနှင့်ပတ်သက်၍ မီးလောင်မှုမဖြစ်ပွားစေရေးအတွက် အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မီးသတ်ဆေးဗူးထားရှိ နိုင်ရေးနှင့် ကျေးရွာအတွက် အပေါ့စား ရေစုပ်စက်ကလေးများထားရှိနိုင်ရေး၊ ကျေးရွာမီးဘေးလုံခြုံရေး အဖွဲ့အသစ်ဖွဲ့စည်းနိုင်ရေးတို့ကို ကျေးရွာတာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်းစိုး (ကွမ်းခြံကုန်း)