တာချီလိတ် ဇွန် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ သောက်ရေသန့်လုပ်ငန်းများနှင့်သက်ဆိုင်သည့် ရေသန့်ဗူးခွံအသုံးပြုမှု၊ ရောင်းချဈေးနှုန်းသတ်မှတ်ရေးနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများအား ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်မတွင် ကျင်းပသည်။
ရှေးဦးစွာ သောက်ရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားပြီး အသင်းအတွင်းရေးမှူး ဦးမြင့်ဇော်က ဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်၊ လုပ်ငန်းဆိုင်ရာအခြေအနေများနှင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြ သည်။ ထို့နောက် တက်ရောက်လာသည့် သောက်ရေသန့်လုပ်ငန်းရှင်များက ထုတ်လုပ်မှုကုန်ကျ စရိတ်များ မြင့်တက်လာသဖြင့် ဈေးနှုန်းများသတ်မှတ်ထားကြောင်း၊ သောက်ရေသန့်ဗူးများတွင် သက်ဆိုင်ရာ အသိအမှတ်ပြုထောက်ခံချက်များကို ပြည့်စုံစွာဖော်ပြထားရမည်ဖြစ်ပြီး သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီသည့် ထုတ်ကုန်များကို သက်ဆိုင်ရာက စိစစ်အရေးယူဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အကြံပြုဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ တာချီလိတ်မြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး သောက်ရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက လိုအပ်ချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်လက်တင်ပြညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း