မြစ်ကြီးနားမြို့၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေး‌ချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ  ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်များရွေးချယ်ခန့်အပ် နိုင်ရေးအတွက် ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မနောရွှေပြည် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နည်းဥပဒေ သစ်များအရ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အသိပညာပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ရပ်ကွက်/ ကျေးရွာ ကြီးကြပ်ရေးအဖွဲ့၊ ရွေးချယ်မည့်အဖွဲ့များ ဖွဲ့စည်း၍ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို အဆင့်ဆင့် ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ရွေးချယ်မှုများ ပြုလုပ်ရာတွင် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ကိုယ်စားလှယ်များ တက်ရောက်ရမည် ဖြစ်ကြောင်း၊ မြို့နယ်မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ရပ်ကွက် ကြီးကြပ်ရေးအဖွဲ့၊ ရွေးချယ်မည့် အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရွေးချယ်ပွဲနှင့် ပတ်သက်၍ ကြိုတင်အသိပေးရမည် ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက် ပေးနိုင်ခြင်းဟာ ဒေသန္တရအဆင့် ဒီမိုကရေစီ (Local Democracy) ကျင့်သုံးနိုင်တဲ့ လက္ခဏာ တစ်ရပ် ဖြစ်ပါကြောင်း၊ ပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေးရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ မိမိတို့နဲ့ အနီးကပ်ဆုံး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ အုပ်ချုပ်ရေးမှူးများကို မိမိတို့ကိုယ်တိုင် ရွေးချယ်နိုင်မယ့် အခွင့်အရေးတစ်ရပ် ဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားရာတွင် မြို့နယ်ဌာန ဆိုင်များအနေဖြင့် ဝိုင်းဝန်း ပူးပေါင်းပါဝင် စေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများက ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် အိမ်ထောင်စု ကိုယ်စားလှယ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။ မြစ်ကြီးနား မြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စု စုစုပေါင်း (၆၀)ရှိကြောင်း သိရသည်။

ယော်ဆောင်