ကျောက်မဲ ဇွန် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရှိ အခြေခံပညာကျောင်း (၄) ကျောင်းသို့ ယမန်နေ့က အသိပညာပေး ကွင်းဆင်းဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် နံနက်ပိုင်းက ရပ်ကွက် (၈) ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပသည့် အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ စာရေးဆရာ ဇာဏီဟိန်း(သီပေါ)က "အမိမြေကို အလှဆင်ပါ" ခေါင်းစဉ်ဖြင့် စာပေဟောပြောခဲ့သည်။ ယင်းနောက် စာရေးဆရာ ဇာဏီဟိန်း (သီပေါ) က "စုံနံ့သာမြိုင် ရှာပုံဖွင့်ပါလို့" ခရီးသွားမှတ်တမ်းစာအုပ်ကို ကျောင်းစာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုမွန်းမွန်းနှင်းက လက်ခံရယူသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဌေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးခန့် တက်ရောက်ကြသည်။
အလားတူ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်း၊ ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဦးစိန်မောင်ဌေးနှင့် စာရေးဆရာ ဇာဏီဟိန်း (သီပေါ) တို့သည် ကျောက်မဲမြို့ပေါ်ရှိ အမှတ် (၃) အထက၊ အမှတ် (၄) အထကနှင့် ရပ်ကွက် (၈) ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက (၃) တို့သို့ ဆက်လက်လှည့်လည် ကွင်းဆင်းခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား "အမိမြေကို အလှဆင်ပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အဖြစ် "အအေးပေးပစ္စည်းများအကြောင်း သိကောင်းစရာ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူများထံ "ခေတ်မီအအေးပေးနည်းပညာ အကြောင်းသိကောင်းစရာများ" အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)