ပင်းတယ ဇွန် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ကျုံး) တွင် သင်ကြားမည့်အစီအစဉ်နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်သည်။
ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသပညာရေးမှူးဒေါ်နန်းခမ်းမှ အဖွင့်အမှာစကားပြောကြားရာ (စက်၊ စိုက်၊ မွေး) အထက်တန်းကျောင်းတွင်အသိပညာဗဟုသုတနဲ့ အတတ်ပညာလက်တွေ့သင်ခန်းစာကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်သင်ကြားပျိုးထောင်ပေးသဖြင့် (စက်၊ စိုက်၊ မွေး) ကျောင်းတွင် Grade -10,11,12 ပညာကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက်ရောက်သင်ကြားစေလိုကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားပေးသည်။ ထိုနောက် အခြေခံပညာစက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းများတွင် သင်ကြားပေးနေသည့် စက်မှုဘာသာရပ်၊ မွေးမြူရေးဘာသာရပ်နှင့် စိုက်ပျိုးရေးဘာသာရပ်များနှင့်ပတ်သက်၍ တာဝန်ရှိသူများ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)