ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ မြန်မာအမျိုးသမီးများနေ့အကြို အသိပညာပေးဟောပြောပွဲအခမ်းအနား  တက်ရောက်

တောင်ကြီး ဇွန် ၃၀

မြန်မာအမျိုးသမီးများ၏ ဘက်စုံစွမ်းဆောင်ရည်များ ပိုမိုမြင့်မားလားစေရန်နှင့် လူမှုအသိုင်းဝိုင်းတွင် ပါဝင်မှုကဏ္ဍ ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အကြို အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇွန်လ (၂၉) ရက်နေ့၊ နေ့လည်ပိုင်းက၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး‌ ဒေါ်နန်းခမ်းလူ၊ ပြည်နယ်ဥပ‌ဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်/ ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာဦးစီးဌာနမှ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး‌ဒေါ်နန်းခမ်းလူက အဖွင့်အမှာစကားပြောကြားရာတွင် ခေတ်အဆက်ဆက်တွင် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှုများ၊ စွမ်းပကားများသည် ဂုဏ်ယူဖွယ်၊စံပြအားထားဖွယ်အဖြစ် သမိုင်းသာဓကများရှိပါကြောင်း၊ ယနေ့ခေတ်မှာလည်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများအပြင် သိပ္ပံနှင့်နည်းပညာကဏ္ဍများ တွင်လည်း ဘက်စုံထူးချွန်သူ အမျိုးသမီးများ များစွာပေါ်ထွန်းနေပြီးဖြစ်ပါကြောင်း၊ အမျိုးသမီးများ ကိုယ်တိုင်ကလည်း မိမိတို့၏စွမ်းရည်များနှင့်စွမ်းပကားများကို တန်ဖိုးထားအလေးထားကာ မိမိတို့ဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်သွားရန်လည်း လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တောင်ကြီးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ စာရေးဆရာမ ခင် (တောင်ကြီး) က “အမျိုးသမီးများနှင့်ရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာကေသီ‌အောင်က “ကျန်းမာပျော်ရွင်သောလူ့အဖွဲ့အစည်းနှင့် အမျိုးသမီးတို့၏အခန်းကဏ္ဍ”ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊  ရှမ်းပြည်နယ်စွန့်ဦးတီထွင်အမျိုးသမီးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်မိုမိုသီတာက “စွန့်ဦးတီထွင်စိတ်ဖြင့်ရှေ့ဆက်ကြမယ်၊ အမျိုးသမီးတို့၏ စွမ်းအားနှင့်အခွင့်အလမ်းများ” ခေါင်းစဉ် ဖြင့်လည်းကောင်း အသီးသီး‌ဟောပြောဆွေးနွေးခဲ့ကြကြောင်းသိရသည်။ယင်းနောက်  သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဟောပြောဆွေးနွေးပေးကြသူများအား ရှမ်းပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး‌‌ ဒေါ်နန်းခမ်းလူ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ခိုင်ဇာလင်းနောင်နှင့် ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်သီတာဦးတို့က အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)