နမ့်စန်(တ) ဇွန် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ကျောက်တိုင်အားကစားကွင်းအတွင်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်နှင့် တပ်မတော်အရာရှိကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းကျော်နှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်က အဖွင့် မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်စိုးအောင်နှင့် ဖွင့်ပွဲတက်ရောက်လာကြသောအကြီးအကဲများက ပြိုင်ပွဲဝင်အသင်းများကို လိုက်လံတွေ့ဆုံနှုတ်ဆက်၍ ဘင်ခရာတပ်ဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများနှင့်ဘင်ခရာတပ်ဖွဲ့များက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုအလေးပြု၍ ကွင်းအတွင်း မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ဆက်လက်၍ ဖွင့်ပွဲအမျိုးသားပွဲစဉ်အဖြစ် အ.ထ.က(နမ့်စန်) ဘောလုံးအသင်းနှင့် ပန်းပျိုးရတနာမြေကိုယ်ပိုင်အထက်တန်းကျောင်း ဘောလုံးအသင်းတို့ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က(နမ့်စန်) ဘောလုံး အသင်း က (၃)ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။ အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ပြိုင်ပွဲဝင်အမျိုးသားအမျိုးသမီး စုစုပေါင်း (၂၃)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)