တောင်ကြီး ဇွန် ၃၀
ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူအတွက် ကြိုးပမ်းဆောင်ရွက်မည့် အစီအစဉ်အနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်ဥပဒေချုပ်ရုံးမှ ကြီးမှူး၍ ဥပဒေအသိပညာပြန့်ပွားရေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ဇွန်လ (၂၉) ရက်နေ့၊ နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်ဝင်းဌေး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက အဖွင့်အမှာစကားပြောကြားရာတွင် ဥပဒေအသိပညာပြန့်ပွားရေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား ကျင်းပရခြင်းမှာ ဌာနဆိုင်ရာဝန်ထမ်းများ ဥပဒေရေးရာ အခြေခံသဘောတရားများကို သိရှိနားလည်စေရန်နှင့် ဌာနဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေအမြင်ဖြင့် ရှုမြင်ကာ သုံးသပ်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တောင်ကြီးခရိုင် ဥပဒေအရာရှိ ဦးဝေလင်းက ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိသင့်သိထိုက်သည်များကိုလည်းကောင်း၊ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဦးဘုန်းနိုင်က ဥပဒေရေးရာဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ ဥပဒေအသိပညာ ရှင်းလင်းဆွေးနွေးခြင်းအား ဥပဒေဘာသာရပ် (၅) ခုဖြင့် ဇွန်လ (၂၉) ရက်နေ့မှ (၃၀) ရက်နေ့အထိ၊ နံနက်(၀၉း၃၀) မှ (၁၁း၃၀) အထိ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲ (၆၀) ဦးတို့အား ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)