ဟိုပုံးမြို့နယ်၌  ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းဖွင့်ပွဲ ကျင်းပ

ဟိုပုံး ဇွန် ၃၀

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းဖွင့်ပွဲကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းစစ်ရေးပြကွင်းတွင် ယမန်နေ့နံနက်က ကျင်းပရာ ရှမ်းပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်နှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းသားများမှ နိုင်ငံတော်အလံအားအလေးပြုကြပြီး တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံခေတ္တကျောင်း အုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်က သင်တန်းအဖွင့် မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ဘုရင့်နောင်ခန်းမတွင် အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား တွေ့ဆုံပွဲကို အဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းတို့က နိုင်ငံသားကောင်းများအား ဝမ်းမြောက်စွာကြိုဆိုကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်လှစ်ရခြင်း၊ ခေါ်ယူရခြင်းအကြောင်းများ၊ သိသင့်သိထိုက်သည်များကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း ပြည်သူစစ်မှုထမ်းသင်တန်းအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ခေတ္တကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)