ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ဝိုင်းမော်         ဇန်နဝါရီ        ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း အခမ်းအနားကို ဇန်နဝါရီလ(၂၁)ရက်နေ့ မွန်းလွဲ (၂)နာရီက ဝိုင်းမော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ ရွေးချယ်နိုင်ရန်အတွက် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များကို power point ဖြင့် ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်း တတိယအကြိမ်ပြင်ဆင်သည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေ၊ နည်းဥပဒေနှင့်အညီ ရွေးချယ်ခန့်ထားနိုင်ရန်အတွက် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၃) ရပ်ကွက်နှင့် ကျေးရွာ(၄၀)ရွာကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်နိုင်ရန် ဌာနဆိုင်ရာအကြီးအကဲများအား ရပ်ကွက်/ ကျေးရွာတစ်ရွာလျှင် ကြီးကြပ်ရေးမှူး(၅)ဦးစီ ဖွဲ့စည်းရန်အတွက် အဖွဲ့(၉)ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

ဆက်လက်၍ လုပ်ငန်းစဉ်ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများက မိမိသိရှိလိုသည့် အကြောင်းအရာများကိုပြန်လည်မေးမြန်းခဲ့ကြရာ မြို့နယ် အုပ်ချုပ်ရေးမှူးမှ ပြန်လည်ဖြေကြားခဲ့သည်။

ခိုင်သက်မွန်(ပြန်/ဆက်)