ပင်လောင်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား လူသုံးကုန်ပစ္စည်းများနှင့်ဆန်များ ထောက်ပံ့

ပင်လောင်း ဇွန် ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အာဆီယံနိုင်ငံများမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးသော လူသုံးကုန်ပစ္စည်းများနှင့် ဆန်များကို အာဆီယံသံရုံးများမှ သံရုံးကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံကြက်ခြေအသင်းမှတာဝန်ရှိသူများက လာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က တောင်ထီဗွာကျေးရွာအုပ်စု၊ ဝါးလီကျေးရွာဘုန်းတော်ကြီး၌ အာဆီယံသံရုံးများမှ သံရုံးကိုယ်စားလှယ်များက ဝါးလီကျေးရွာ၊ ဝါးပြုံးကျေးရွာနှင့်တောင်လေးကျေးရွာအတွင်း လာရောက်နေထိုင်သည့် ယာယီနေရပ်စွန့်ခွာပြည်သူများ လူသုံးကုန်ပစ္စည်းများနှင့်ဆန်များလာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြပြီး၊ သံရုံးကိုယ်စားလှယ်များက နေရပ်စွန့်ခွာပြည်သူများ ယာယီနေထိုင်သည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ ၂ နာရီခွဲက အာဆီယံသံရုံးများမှ သံရုံးကိုယ်စားလှယ်များက  စင်းတောင်းကျေးရွာအုပ်၊ စင်းတောင်းကျေးရွာဘုန်းတော်ကြီးတွင် ပင်ခွန်ကျေးရွာနှင့် စင်းတောင်းကျေးရွာအတွင်း လာရောက်နေထိုင်သည့် ယာယီနေရပ်စွန့်ခွာပြည်သူများကိုလည်း  လူသုံးကုန်ပစ္စည်းများနှင့်ဆန်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ခြင်ထောင်၊ ဆပ်ပြာ၊ သွားတိုက်ဆေး သွားတိုက်တံများ၊ အဝတ်ပုံး၊ ရေပုံး၊ မျက်နှာသုတ်ဖဝါး၊ ရေဒီယို၊ ရှပ်အင်္ကျီ၊ ဖယောင်းတိုင်များနှင့် ဆန်တစ်အိတ်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု (၃၁၂)စုအား ထောက်ပံ့ပေးခဲ့ကြောင်း၊ အဆိုပါ ထောက်ပံ့သည့်လုပ်ငန်းများကို ပင်လောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှအဖွဲ့ဝင်များက အိမ်ထောင်စုစာရင်းရေးသွင်းခြင်းနှင့် လူသုံးကုန်ပစ္စည်းများ၊ ဆန်များထုတ်ပေးခြင်းတို့ကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

မြို့နယ်ပြန်/ဆက်