ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ် ခန့်အပ်နိုင်ရေး ထပ်ဆင့်အသိပညာပေးခြင်းများကို ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

တံတား    ဇန်နဝါရီ  ၂၂

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေး ထပ်ဆင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ တံတားမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ ကြီးကြပ်ရေးအဖွဲ့ဝင်များက ဝင်းကြီး ကျေးရွာအုပ်စုနှင့် ကဒပ္ပနကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါထပ်ဆင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို တံတားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှု လုပ်ငန်းများ လုပ်ကိုင်ပုံအဆင့်ဆင့်၊ ကြီးကြပ်ရေး ကော်မတီ ရွေးချယ်ပုံအဆင်ဆင့်နှင့် ကြီးကြပ် ရွေးချယ်ရာတွင် သတ်မှတ်ချက်(၉)ချက်နှင့်အညီ ရွေးချယ် ဆောင်ရွက်ရန်၊ ရွေးချယ် ဆောင်ရွက်ရာတွင်လည်း ဒီမိုကရေစီစံနှုန်းများ အများဆန္ဒနှင့်အညီ ရွေးချယ်ရန်၊ ရွေးချယ် ပွဲများပြုလုပ်ရာ တွင် လည်း ဘက်လိုက်မှုကင်းရှင်းစေရေး၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲမထားဘဲ ပြည်သူအားလုံး ပူးပေါင်း ပါဝင်စေရေးနှင့် ပွင့်လင်း မြင်သာ မှု ရှိစေရေးတို့အတွက် ဆောင်ရွက်ရခြင်း ဖြစ်ပြီး ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ များ၊ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများကို ကဏ္ဍအလိုက် အသေးစိတ် ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။

တံတားမြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၇) အုပ်စုရှိပြီး ထပ်ဆင့်အသိပညာပေး လုပ်ငန်းများ ရှင်းလင်း ဆောင်ရွက် ခြင်းကို  ကျန်ရှိနေသော ကျေးရွာများသို့လည်း ကြီးကြပ်ရေးအဖွဲ့များခွဲ၍ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရ သည်။

တင်နိုင်ဝင်း(တံတား)