မြင်းခြံ ဇန်နဝါရီ ၂၂
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်နေကြသော ကျန်းမာရေး ဝန်ထမ်းများနှင့် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးနေကြသူများကို ဂုဏ်ပြုသောအားဖြင့် မိုင် (၁၀၀၀) ခရီးရှည် တစ်ကိုယ်တော် လမ်းလျှောက်သူမှာ ယနေ့ နံနက် (၉) နာရီ အချိန်က မြင်းခြံမြို့သို့စတင် ဖြတ်သန်း လမ်းလျှောက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုင် (၁၀၀၀) ခရီးရှည် တစ်ကိုယ်တော်လမ်းလျှောက်သူမှာ ပြင်ဦးလွင်မြို့မှ အသက် ၄၈ နှစ်အရွယ်ရှိ ကားဆေးမှုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးစနေ(ခေါ်)ဦးကျော်ကျော်ဝင်း ဖြစ်သည်။ ကိုဗစ် -၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အဖက်ဖက်မှ စွမ်းစွမ်းတမံ လုပ်ကိုင်နေ သူများကို ဂုဏ်ပြုသောအားဖြင့် (၃၀.၁၂.၂၀၂၀) ရက်နေ့ နံနက် (၁၀:၃၀) နာရီ အချိန်တွင် ပြင်ဦးလွင် မြို့မှ စတင် လမ်းလျှောက်ထွက်ခွာခဲ့ခြင်းဖြစ်သည်။ မူလက ရန်ကုန်မြို့သို့ ဝင်ရန် လမ်းကြောင်း သတ်မှတ်ထားသော်လည်း လမ်းခရီးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေများကြောင့် နောက်ကြောင်းပြန်လှည့်ကာ ပျော်ဘွယ်မြို့နယ်တွင် နှစ်ညအိပ်ရပ်နားခဲ့ကြောင်း သိရသည်။ ထို့နောက် ပြင်ဦးလွင်မြို့သို့ ပြန်လည်ရောက်ရှိ၍ နှစ်ရက်နားနေကာ ဇန်နဝါရီ (၁၅) ရက်နေ့ နံနက် (၄) နာရီအချိန်တွင် ပြင်ဦးလွင်မြို့မှ ကားဖြင့် ထွက်ခွာလာခဲ့ပြီး သီးကုန်းလမ်းခွဲမှစတင်ကာ လမ်းလျှောက်ခဲ့ပြီး မြင်းခြံမြို့သို့ ဇန်နဝါရီ (၂၂) ရက် နံနက် (၉) နာရီ အချိန်တွင် မြင်းခြံမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မြင်းခြံစက်ဘီးစီး အဖွဲ့မှး သွားရောက်ကြိုဆိုခဲ့ကြပြီး မြင်းခြံမှ မြို့သာ၊ မန္တလေး၊ တကောင်းမြို့သို့ ဆက်လျှောက်မည်ဖြစ်ကြောင်း သိရ သည်။ ကျန် မာရေးအခြေအနေပေါ်မူတည်ပြီး တစ်လခွဲလောက်ကြာမည်ခန့်မှန်းထားကြောင်း ခရီး စဉ်လိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ ဦးထွန်းထွန်းနိုင်က ပြောသည်။
မိုင်(၁၀၀၀)ခရီးရှည် တစ်ကိုယ်တော် လမ်းလျှောက်၍ အနယ်နယ်အရပ်ရပ်မှ လှူဒါန်း ရရှိလာသည့် အလှူငွေများကို ကိုဗစ်-၁၉ ကူးစက်ရောဂါကုသရေးလုပ်ငန်းများသို့ ပြန်လည် လှူဒါန်း သွားမည်ဖြစ်ကြောင်း၊ ယနေ့ထိ မိုင်ပေါင်း (၄၅၀)ကျော်ခန့် လမ်းလျှောက်ခဲ့ပြီဖြစ်ကြောင်း နှင့် လမ်းခရီး တစ်လျှောက် နေ့စဉ် တစ်နေ့လျှင် ၂၅ မိုင်နှုန်းဖြင့် လမ်းလျှောက်ရန် သတ်မှတ်ထား သော်လည်း ကျန်းမာရေးအခြေအနေအရ ဖြေးညှင်းစွာ လမ်းလျှောက်နေရကြောင်း၊ လမ်းခရီးအဆုံးသည် တကောင်းမြို့ ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)