တန့်ယန်း ဇွန် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအသိ မီးဘေးသတိရှိစေရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ဇွန်လ ၂၉ ရက် နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဝေဖြိုးလွင်နှင့် ဒုတိယဦးစီးမှူး ဦးဟိန်းဆက်ပိုင်တို့က သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအသိ မီးဘေးသတိရှိစေရေးအတွက် သိရှိထားသင့်သည့် အချက်အလက်များ၊ အရေးပေါ်ကာလတွင် အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်ရမည့် အခြေအနေများကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောသည်။
ယင်းနောက် မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်း၊ ဂက်စ်မီးဖိုအသုံးပြုရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ အောက်စီဂျင်ဖြတ်တောက်၍ မီးငြိမ်းသတ်နည်းများနှင့် မီးသတ်ပိုက်အသုံးပြု၍ မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)