မိုးမောက်မြို့နယ်၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအသိပညာပေးခြင်း ဆွေးနွေးပွဲကျင်းပ

မိုးမောက်      ဇန်နဝါရီ     ၂၂

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း( မိုးမောက်ရုံးခွဲ)မှ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာအသိပညာပေးခြင်းနှင့် မသန်စွမ်းသူများ ဆိုင်ရာဥပဒေနှင့်နည်းဥပဒေ အသိပညာ ပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီခွဲခန့်က ကျင်းပရာ မိုးမောက်ရုံးခွဲ ဥက္ကဌ ဦးအောင်ဖြူစင်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ပြီး ကိုဗစ်ကာလဖြစ်သည့်အတွက် မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ဒု−ဥက္ကဌ ဒေါက်တာကိုကိုဦးက Online ပေါ်က projector  ဖြင့် ၂၀၁၅ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကိုယ်အင်္ဂါမသန်စွမ်းသူများဆိုင်ရာ ဥပဒေ၊နည်းဉပဒေများကို ရှင်းလင်းဆွေးနွေး ခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း အတွင်းရေးမှူး ဦးကျော်လင်းနိုင်က ပူးပေါင်း ကော်မတီ ဖွဲ့စည်းရေးဆိုင်ရာနှင့် Onlineပေါ်က ဆွေးနွေးပွဲတက်ရောက်သူများမှ ကိုယ်အင်္ဂါ မသန် စွမ်း အသင်းဝင်လိုပါက မည်သို့ဆောင်ရွက်ရသည်ကို သိလိုသောမေးမြန်းချက်အား  ပြန်လည် ဖြေကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းမှ ထောက်ပံ့ပေးသော ဝှီးချဲ(၃)စီးအား မောင်ထွယ်ဆိုင်းအောင် (ကြေးနန်းရပ်ကွက်) ၊ ဒေါ်လဖိုင်ဂျာဘောက် (ကျခန်းဒပ်ကျေးရွာ)၊ မောင်ဝင်းမင်းသန့် (ဗန်းမော်) နေသူတို့(၃)ဦးအား ဒု−မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထိုက် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း ၊ မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအုပ်ငွေစိုး တို့ကပေးအပ်ချီးမြှင့် ခဲ့ပြီး မြို့နယ်ကိုယ်အင်္ဂါမသန်စွမ်းသူများ ပူးပေါင်းကော်မတီဖွဲ့စည်းရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

လွန်းနန်းထွေး၊ ပြန်/ဆက်