ငါ့သရောက် ဇန်နဝါရီ ၂၂
ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ငါ့သရောက်မြို့၊ ဗိုလ်ချိုဈေး (ငါးရက် တစ်ကြိမ် ဈေး)၌ နှာခေါင်းစည်း Mask များအခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
ထိုသို့ပေးဝေရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ငါ့သရောက်မြို့ဗိုလ်ချိုဈေး အတွင်း(ငါးရက်ဈေး) ဈေးဝယ်ယူ/ရောင်းချနေသည့် ပြည်သူများအား နှာခေါင်းစည်း Mask မဖြစ်မနေ တတ်ဆင်ရေး စည်းရုံးလှုံ့ဆော်ခြင်း၊ နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိသူများအား ခုဝေခုတပ် စနစ်ဖြင့် နှာခေါင်းစည်း Mask (၁၀၀၀)ခု ဖြန့်ဝေပေးခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ထုတ်ပြန်ချက်များကို လက်ကိုင်စပီကာဖြင့် လိုက်လံအသိပေးခြင်း၊ ဈေးအတွင်းလှည့်လည်ပြီး ဈေးဆိုင်ခန်းများ၊ ဈေးရောင်းဈေးဝယ်များအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ထားသောစည်းကမ်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ပူးပေါင်းစစ်ဆေးခြင်း၊ ဈေးသည်များအားငွေကိုင်ပြီးတိုင်း Hand Gel အသုံးပြုရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပြီး ဈေးရောင်းဈေးဝယ်ပြုလုပ်ရန်အသိပညာပေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသူများအား နှာခေါင်းစည်းများ အခမဲ့ပေးဝေတပ်ဆင်စေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ငါ့သရောက်မြို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းထံမှ သိရသည်။
ဖေလိန်း(ပုဂံ)