မိုးနဲ ဇွန် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာန၏ စီစဉ်မှုဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နားခံကျေးရွာအုပ်စု စက်တော်ရေထွက်အနီးနေရာ၌ ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်က စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်အောင်အောင်က သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒရှိစေရေး၊ သစ်တော သစ်ပင်တန်ဖိုးများကို အများပြည်သူအလေးထားသိရှိနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးမည့်ပျိုးပင်များကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ်ာ်စားလှယ် ဦးစိုင်းကျော်ဝင်း ခရိုင်သစ်တောဦးစီးမှူး ဦးဝင်းဇော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူများအား ပေးအပ်ခဲ့ကြပြီး ကျွန်း (၂၀၀) ပင်၊ မယ်ဇလီ (၂၀၀) ပင်၊ စိန်ပန်းနီ (၂၀၀) ပင်၊ စိန်ပန်းပြာ (၂၀၀) ပင်၊ မြေသင်းဝင် (၂၀၀) ပင်၊ မာသာကွတ် (၂၀၀) ပင် စုစုပေါင်း (၁၂၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)