လားရှိုး ဇွန် ၂၉
စာအုပ်စာပေဝါသနာပါသူ(Club)အဖွဲ့ဝင်များစုစည်း၍ ကဗျာဆရာမ ခမ်းယု(ငွေလမင်း)၏ “တိမ်ပြာသောနေ့”ကဗျာဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က အမှာစကားပြောကြားပြီး၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က စာဖတ်ရှန်မြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကဗျာဆရာမ ခမ်းယု(ငွေလမင်း)၏ “တိမ်ပြာသောနေ့ ကဗျာဖြင့် ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ရှမ်းပြည်နယ်မြောက်ပိုင်းဥက္ကဋ္ဌ ဒေါ်ခင်သန်းနွဲ့ မမ(လားရှိုး)က ကဗျာတွင် ရေးသားထားသည့်အကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့၊ Woman Club အဖွဲ့နှင့် Youth Club အဖွဲ့ဝင်များက မိမိတို့ဖတ်ရှုခံစားရသည့် အကြောင်းအရာများဖြင့် အသီးသီးဆွေးနွေးခဲ့ရာ ကဗျာဆရာမ ခမ်းယု(ငွေလမင်း)က ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။ ယခုလို စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများကို စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ လစဉ်စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
လူမော် (ပြန်/ဆက်)