ဇေယျာသီရိ ဇန်နဝါရီ ၂၂
နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ ပြည်စံအောင်ဈေးအတွင်း၌ ဆေးဆိုင်များ နှင့် စားသောက်ကုန် အရောင်းဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများနှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် နေပြည်တော် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူး ဦးထွန်းထွန်းလင်း ဦးဆောင်၍ တာဝန်ရှိသူ များက ဈေးအတွင်းရှိ ဆေးဆိုင်များနှင့် စားသောက်ကုန် အရောင်းဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ၊ စားသောက်ကုန် ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသား ပါဝင်ပြည့်စုံမှု ရှိ/မရှိကိုလည်းကောင်း၊ သက်တမ်းလွန်မုန့်များ ရောင်းချနေမှု ရှိ/မရှိကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရောင်းချမှုများတွေ့ရှိပါက စားသုံးသူရေးရာ ကာကွယ်ပေးရေး ဥပဒေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးလင်းထွန်း(ပြန်/ဆက်)