လားရှိုး ဇွန် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလပြည်နေ့၌ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး မျက်နှာတော်သစ်ပူဇော်ခြင်းနှင့် ဘုရားအနေကဇာတင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၅ နာရီခွဲက အဆိုပါ ဘုရားကြီး ပရိဝုဏ်အတွင်း၌ ကျင်းပသည်။
ရှေ့ဦးစွာ တက်ရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့်တာဝန်ရှိသူများက မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး မျက်နှာတော်သစ်ပူဇော်ခြင်းနှင့် ဆီးမီး၊ ပန်း၊ ရေချမ်းနှင့် ဆွမ်း၊ သစ်သီးများဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များက ဘုရားအနေကဇာ တင်လှူပူဇော်ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက မြတ်စွာဘုရားနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား “ဩကာသ" ကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့သည်။ ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုအစုစုအားဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)