နမ္မတူမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

နမ္မတူ ဇန်နဝါရီ ၂၂

နမ္မတူမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ကြီးကြပ်ရေးအဖွဲ့ဝင်များ၏ အရည်အချင်းသတ်မှတ်ချက်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး၏ အရည်အချင်း (၉)ရပ်၊ ရာထူးသက်တမ်း၊ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များ၊ နှုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း (သို့) ရပ်စဲခြင်း နှင့် အစားထိုးခန့်အပ်ခြင်းစသည့် အကြောင်းအရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များအား ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက် လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများက သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ရပ်ကွက် (၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၁)အုပ်စုတို့အတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခန့်အပ်ရေး လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်မည့် ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်သော အဖွဲ့(၃)ဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မှ သိရှိရသည်။

လူမော် (ပြန်/ဆက်)