သီပေါမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသင်း ဖွဲ့စည်းနိုင်ရေး စားသုံးသူပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

သီပေါ  ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)     ကျောက်မဲခရိုင်၊     သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ  စားသုံးသူကာကွယ်ရေးအသင်း ဖွဲ့စည်းနိုင်ရေးအတွက် စားသုံးသူပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာရီက စားသုံးသူကာကွယ်ရေး လုပ်ငန်းများအကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍   စားသုံးသူ ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် စားသုံးသူကာကွယ်ရေး အသင်းအဖွဲ့များတွင် ပါဝင်၍ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် ဖိတ်ခေါ်ပါကြောင်းနှင့် ပြည်သူများအနေဖြင့် အဆိုပါအသင်းအား စိတ်ပါဝင်စားမှုရှိ၍ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လိုသူများ မိမိပတ်ဝန်းကျင်တွင်ရှိပါက ၎င်းတို့ဌာနနှင့်ချိတ်ဆက် ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)