လမ်းမတော် ဇန်နဝါရီ ၂၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှု အရကိုဗစ်-၁၉ ကာလအတွင်း စျေးသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ မိမိတို့ နေအိမ် အနီးမှာပင် အလွယ်တကူဝယ်ယူနိုင်စေရေး၊ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူ နိုင်စေရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှု ကာကွယ်နိုင်ရေး၊ သန့်ရှင်း လတ်ဆတ် သော အသား၊ငါး၊ ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်ပစ္စည်းများအား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ရေးတို့အတွက် ရည်ရွယ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ညီနောင်အသင်းတို့ ကြီးမှူး၍ ယမန်နေ့ နံနက်ပိုင်းက လမ်းမတော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ကိုင်းတန်းလမ်းနှင့်ဝါးတန်းလမ်းကြားတို့တွင် Mobile market ဈေးကား များဖြင့် လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ဈေးရောင်းချပေးရာနေရာသို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဦးဝင်းမြင့် နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင် သာယာအုပ်ချုပ်ရေးမှူးဦး သိန်းမြင့်နှင့်ဝန်ထမ်းများ၊မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော သတ်မှတ်စည်းကမ်းချက်များနှင့် အညီရောင်းချနိုင်ရေး ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်