မိုင်းဖြတ် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားရေးဆိုင်ရာ သိကောင်းစရာများနှင့် ဒေသအတွင်းမီးခိုးမြူငွေ့ ကင်းစင်ရေးအတွက် အသိပညာပေးခြင်းကို ယမန်နေ့ ည ၇ နာရီအချိန်ခန့်က ဝမ်မိုင်ရပ်ကွက် ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်ခန့်ထားရေးအတွက် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက် စေရေး၊ ဒေသတွင်း မီးခိုးမြူငွေ့ ကင်းစင်ရေးအတွက် တောင်ယာလုပ်ကိုင်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ တောမီးရှို့ခြင်းကြောင့် သစ်တော ပြုန်းတီးမှုမှ ကြုံတွေ့ရမည့်အခက်အခဲများ၊ မူးယစ် ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းတို့ကို ဆွေးနွေးပြောကြား ခဲ့သည်။
ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က ကောက်ရိုးများကို စွန့်ပစ်ခြင်း၊ မီးရှို့ခြင်းမပြုဘဲ သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲနိုင်ပုံ၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုကြောင့် နှစ်စဉ်မိုးရေချိန်ကွားခြားမှု၊ ရွှေ့ပြောင်း တောင်ယာစနစ်မှ တောင်စောင်းလှေခါးထစ် စိုက်ပျိုးနည်းကို ပြောင်းလဲစိုက်ပျိုးနိုင်ရေးတို့ကို ရှင်းလင်းပြောကြား ခဲ့သည်။
၎င်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်းက မီးဘေးလုံခြုံရေး အသိပညာပေးခြင်းကို လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က ဒေသခံပြည်သူများအနေဖြင့် တောင်ယာ လုပ်ငန်းများ လုပ်ကိုင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က လူမှုစိတ်ဓာတ်နှင့် လူမှုဆက်ဆံရေးဆိုင်ရာ သိကောင်း စရာများကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေး နွေးပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)