ခရမ်းမြို့နယ်အတွင်း ရေကန်ခြံစည်းရိုးကာရံခြင်းနှင့် (၄) လက်မ စက်ရေတွင်း ရေစုကန်၊ ရေစက်ရုံ တည်ဆောက်ပြီးစီးမှုများအား ကွင်းဆင်းစစ်ဆေး

ခရမ်း ဇန်နဝါရီ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောက်ရွက်ခဲ့သည့် ခရမ်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာ သောက်သုံးရေကန် ခြံစည်းရိုး ကာရံခြင်းနှင့် ညောင်လန်းကျေးရွာတွင် တည်ဆောက် ပြီးစီးခဲ့သည့် (၄)လက်မ စက်ရေတွင်း ရေစုကန် ၊ ရေစက်ရုံ တည်ဆောက် ပြီးစီးမှုများကို ယမန်နေ့ ညနေ ၃ နာရီက ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

အောင်ချမ်းသာကျေးရွာနေပြည်သူများ သန့်ရှင်းသည့်သောက်သုံးရေများ အသုံးပြုနိုင်ရေး အတွက် မြေသားရေသို လှောင်ကန်အား ခြံစည်းရိုးကာရံပေးမှုကြောင့် ရေကန်အတွင်းသို့ ကျွဲ၊နွား စသည့် တိရိစ္ဆာန် များ ရေကန်အတွင်း ဝင်ရောက်ခြင်းမှ ကင်းလွတ်ခြင်းကြောင့် ရေညစ်ညမ်းမှု မရှိဘဲ သန့်ရှင်းသောရေအား သုံးစွဲနိုင်ခြင်း၊ ညောင်လန်း ကျေးရွာတွင် (၄)လက်မ စက်ရေတွင်းမှ ထွက်ရှိသည့် ရေများကို ရေစက်ရုံမှ မောင်းတင်၍ ရေစုကန်အတွင်း သိုလှောင် ထားနိုင်မှုကြောင့် ရေရှားပါးပြတ်လပ်မှုများ မဖြစ်တော့‌ကြောင်းနှင့် ရေအား အချိန်နှင့်တစ်ပြေးညီ သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါခြံစည်းရိုး ကာရံခြင်းနှင့် ရေစုကန်၊ ရေစက်ရုံ တည်ဆောက်ပြီးစီးမှုများကို ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်နှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ကိုမင်း(ခရမ်း)