ဆက်သွယ်ရေး ကွန်ကရစ်လမ်းခင်းကျင်းနေမှုနှင့် 5MVA ဓါတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ခရမ်း ဇန်နဝါရီ  ၂၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် လမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ခင်းကျင်းဆောင်ရွက် လျက်ရှိသည့် မောင်းမ/ရွှေလှေ ဆက်သွယ်ရေး ကွန်ကရစ်လမ်းနှင့် 5MVA အုတ်ဖို လျှပ်စစ်ဓါတ်အားခွဲရုံ တည်ဆောက်နေ မှုများကို ယမန်နေ့ နေ့လယ် ၂ နာရီက ခရမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာန တာဝန်ရှိသူ များ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး၊ ခရမ်းမြို့နယ် လမ်းဦးစီး ဌာန AE ဦးခင်မောင်ထွန်း ၊ SAE ဦးအေးမျိုးထွန်း၊ မြို့နယ် QC အဖွဲ့ဝင်များက ဆက် သွယ်ရေးလမ်း ကွန်ကရစ် ခင်းကျင်း နေမှုများနှင့် ၊ အုတ်ဖိုကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် 5 MVA ဓါတ်အားခွဲရုံ တည်ဆောက်နေမှုများအား ကွင်းဆင်းကြည့်ရှု၍ လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက် ခဲ့ပြီး လုပ်ငန်းများအားလုံး အချိန်မီ ပြီးစီးရေး လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်း၍ စံချိန်စံညွှန်း ပြည့်မီရေး ၊ လေလွင့်မှု နည်းပါးရေး လမ်းညွှန် မှာကြားပေး ခဲ့ကြောင်းသိရှိသည်။

မောင်းမကျေးရွာနှင့် ရွှေလှေကျေးရွာသို့ ဆက်သွယ်သည့် ကွန်ကရစ်လမ်းပြီးစီးပါက ခရမ်းမြို့ အနောက်ခြမ်း ကျေးရွာများ ဖြစ်သည့် ပေါက်ပင ၊ ဖားကူးကျေးရွာများမှ ပြည်သူများသွားလာရေး လွယ်ကူ မြန်ဆန်ပြီး ဒေသထွက်ကုန်များအား အချိန်နှင့် တစ်ပြေးညီ တင်ပို့ ရောင်းချနိုင် ခြင်းကြောင့် လူနေမှုအဆင့်အတန်းများ တိုးတက်မြင့်မားသွားမည် ဖြစ်ကြောင်း နှင့် အုတ်ဖို ကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် 5 MVA  ဓါတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက ခရမ်းမြို့ အနောက် ခြမ်း ကျေးရွာများအားလုံး လျှပ်စစ်ဓါတ်အား ပြည့်ဝစွာ သုံးစွဲနိုင်မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း များလည်း ပိုမိုရရှိကြမည် ဖြစ်ကြောင်း သိရှိရသည်။

ကိုမင်း (ခရမ်း)