ကျောက်ပန်းတောင်း ဇွန် ၂၇
(၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ခပေါင်းကုန်းကျေးရွာအုပ်စု ခပေါင်းကုန်းကျေးရွာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား မိုးစပါးစိုက် တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး စုဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာခြည်အေးက အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး သွင်းအားစုများပေးအပ်ရခြင်း ရည်ရွယ်ချက်များနှင့် သမဝါယမဦးစီးဌာနအနေဖြင့် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများ စိုက်ပျိုးရေး ထုတ်ကုန်အရည်အသွေး တိုးမြှင့်ရေးနှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် တောင်သူများဘက်မှလည်း မှန်ကန်သည့် စိုက်ပျိုးရေး နည်းလမ်းကောင်းများနှင့်အတူ၊ ကြိုးစားအားထုတ် သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးက ခပေါင်းကုန်းကျေးရွာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူ ၅၈ ဦးတို့အတွက်၊ ဖြိုးမောက် ယူရီးယား ဓာတ်မြေဩဇာ ၅၈ အိပ်ကို တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရပြီး၊ အခမ်းအနားသို့ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခပေါင်းကုန်းကျေးရွာ ရပ်မိရပ်ဖများနှင့် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသား တောင်သူများ စုစုပေါင်း ၇၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင် (ပြန်/ဆက်)