သာစည်မြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်း ၃၀၀ ပေ၊ ၀.၄ ကေဗွီ ဓာတ်အားလိုင်း ၃၅၀ ပေ နှင့် ၁၁/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တိုးချဲ့တည်ဆောက်ပြီးစီး

သာစည် ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့ အမှတ် (၁) ငါးဆူတိုးချဲ့ရပ်ကွက်၌ လျှပ်စစ်ကဏ္ဍ ရက် ၁၀၀ စီမံချက်ဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်း ၃၀၀ ပေ၊ ၀.၄ ကေဗွီ ဓာတ်အားလိုင်း ၃၅၀ ပေနှင့် ၁၁/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာအသစ်တစ်လုံး တိုးချဲ့တည်ဆောက်မှု ပြီးစီးသွားပြီဖြစ်ရာ ဇွန် ၂၆ ရက်နံနက် ၈ နာရီခွဲတွင် ဓာတ်အား စတင်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

အဆိုပါထရန်စဖော်မာအသစ် ဓာတ်အားပို့လွှတ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မျိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်းဖြင့် ဓာတ်အားသုံးစွဲသူပြည်သူများ ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ဓာတ်အားသုံးစွဲနိုင်ခြင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတည်ငြိမ်စေခြင်း၊ ဝန်အားပြည့် ဓာတ်အားလိုင်းများ ပြတ်ကျမှုလျော့နည်းစေခြင်း၊ လူနှင့် တိရစ္ဆာန်များ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေပြီး ဝန်အားများနေသည့် ထရန်စဖော်မာများ ဝန်အားလျော့ကျကာ ထရန်စဖော်မာ ချို့ယွင်းလောင်ကျွမ်းခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးက သိရသည်။

ထွန်းထွန်း (သာစည်)