မန္တလေး ဇွန်လ ၂၇
မန္တလေး၊ အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကကြီးမှူးကျင်းပသော ၂ဝ၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ဇွန်လ ၂၇ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းနှင့်၁ဝလမ်းထောင့်ရှိ ပင်မစစ်လက်နက်ပစ္စည်းတပ်(မန္တလေး)၌ ကျင်းပပြုလုပ်သည်။
အဆိုပါသစ်ပင်စိုက်ပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ မန္တလေးခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူလင်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးဇင်ဝင်းထွန်းနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည် သူများ၊ အသင်းအဖွဲ့များ၊ စုစုပေါင်း ၆၅ဝ ဦးတက်ရောက်ကြသည်။
အခမ်းအနားတွင် အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ပြည်သူတစ်ဦးထံ ပျိုးပင်ဖြန့်ဝေပေးခဲ့ပြီးနောက် တက်ရောက်လာသူများမှ သက်မှတ်နေရာများတွင် တမာ၊ ကံ့ကော်၊ တပေဘူတ၊ ကုက္ကို၊ မန်ကျည်း၊ စိန်ပန်းကြီး၊ မယ်ဇယ်၊ လင်းလွန်း၊ အင်ကညင်စသည့် သစ်မျိုး ကိုးမျိုး၊ ၆၅၀ ပင်တို့ကိုစုပေါင်းစိုက်ပျိုးကြသည်။
၎င်းနောက် အောင်မြေသာစံခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူးနှင့် ခရိုင်ကော်မတီဝင်များက သစ်ပင်စိုက်ပျိုးမှုအားလှည့် လည်ကြည့်ရှုအားပေးကြကြောင်းသိရသည်။
(မြင့်မော်ထွန်း၊အောင်စံ)