ပြင်ဦးလွင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ

ပြင်ဦးလွင် ဇွန်  ၂၇

ကျေးလက်နှင့်မြို့ပြကွာဟမှုမရှိစေရေး၊ ကျေးရွာနေပြည်သူများ လူနေမှုအဆင့်မြင့်မားစေရန် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်း(၁၃)နာရီက ပြင်ဦးလွင်မြို့၊   ရပ်ကွက်ကြီး(၁၇)၊ အနီးစခန်းရှိ အောင်မင်္ဂလာဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စာရေးဆရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ရပ်ကွက်ကြီး (၁၇) အတွင်းမှ တောင်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွန်ကြားရေးမှူး  ဒေါ်ဝေဝေဖြိုး မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးမည့်ပုဂ္ဂိုလ်များက ပြည်သူ့စကားဝိုင်းနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများမှ  မိမိတို့ ရပ်ကွက်/ကျေးရွာတိုင်းမှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ကိစ္စရပ်များ၊ ရပ်ကွက်/ကျေးရွာပတ်၀န်းကျင်သန့်ရှင်းသာယာလှပရေး ပံ့ပိုးကူညီရှင်းလင်းပေးနိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး စားသောက်ရသည့်အတွက် စိုက်ပျိုးရေးအသိပညာပေး ဟောပြောပွဲများဆောင်ရွက်နိုင်ရေးနှင့် ဒေသခံတောင်သူများမှလည်း မိမိတို့ရပ်ကွက်/ကျေးရွာတွင် လိုအပ်သည့် ကဏ္ဍများအလိုက် မေးမြန်းဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာတာ၀န်ရှိသူများက အသေးစိတ်ရှင်းလင်းပြန်လည်ဖြေကြားခဲ့၍ ဖိတ်ကြားထားသူများနှင့် စိတ်၀င်စားသူပြည်သူများတက်ရောက်လေ့လာဆွေးနွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ခရိုင် ၊ ပြန်/ဆက်