ကျိုင်းတုံမြို့၌ ၂၀၂၆ ခုနှစ်၊ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

ကျိုင်းတုံ ဇွန် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၆ ခုနှစ်၊ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယမန်နေ့က ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပသည်။

ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်က အမှာစကားပြောကြားပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေထံမှပေးပို့သော သဝဏ်လွှာအား ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)ရဲမှူးကြီး နေမျိုးထွဋ်က ဖတ်ကြားသည်။ ထို့နောက် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှပေးပို့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုမှတ်တမ်း Video Clip အားပြသပြီး ၂၀၂၆ ခုနှစ်၊ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား  တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၃၀၀ ဦးခန့်က မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာပြခန်းများအားကြည့်ရှုအားပေးပြီး အမှတ်(၇)မူးယစ်တပ်ဖွဲ့ခွဲ(ကျိုင်းတုံ)နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)