တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာ၌ ကိုယ်ထူကိုယ်ထကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအခြေအနေများအား ကွင်းဆင်းကြည့်ရှု

တာချီလိတ်    ဇွန်     ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာ၌ ဒေသခံပြည်သူများ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဇွန် ၂၆ ရက် နံနက်ပိုင်းက လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝီလ်ဆင်မိုး၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်တို့က သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းသည် တာချီလိတ်–မိုင်းဆတ်လမ်းမကြီးပေါ်ရှိ လွယ်တော်ခမ်း လမ်းအား အရှည် ၅၀၀ ပေ၊ အကျယ် ၁၈ ပေ၊ အထူ ၈ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိတို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝီလ်ဆင်မိုး၊ အာခါတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးထွန်းအောင်တို့က လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် ကျန်ရှိနေသည့် လမ်းပိုင်းများကို ဆက်လက်အကောင် အထည်ဖော် ဆောင်နိုင်ရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် မတည်အလှူငွေများကို ဦးအားချိုင်း၊ ဦးအားကြွေ၊ ဦးအားမဲ၊ ဦးစိုင်းဆိုင်ကွမ်းနှင့် ဒေသခံအလှူရှင်များက စုပေါင်းလှူဒါန်းပေးခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးဌာန၏ ကြီးကြပ်မှုဖြင့် GGH ကုမ္ပဏီမှ ဇွန်လ ၁၉ ရက်နေ့မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း