(၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မူဆယ် ဇွန် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှိုးဖျက်ဆီးခြင်း အခမ်းအနားကို မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ဘောလုံးကွင်းဟောင်းတွင် ယမန်နေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာသောဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား သွားရောက်ကြည့်ရှုကြပြီး၊ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို မီးရှိုးဖျက်ဆီးခဲ့ကြသည်။ ဆက်လက်၍ ကွန်ပျူတာပန်းချီ၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ခရိုင်/မြို့နယ်စုပေါင်းရုံးခန်းမတွင် ဆက်လက်ကျင်းပရာ မူဆယ်ခရိုင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အဖွင့်အမှာစကား ပြေားကြားခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သော သဝဏ်လွှာအား မူဆယ်ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပြည့်ဝင်းအောင်က ဖတ်ကြားခဲ့သည်။

ယင်းနောက်  ကွန်ပျူတာပန်းချီ၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ စာစီစာကုံးပြိုင်ပွဲ ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ခဲ့ကြပြီး၊ ခင်းကျင်းပြသထားသည့် ကျောင်းသား/ကျောင်းသူများ၏ ပြိုင်ပွဲဝင်လက်ရာများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးပြဘုတ်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်