ရန်ကုန် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယမန်နေ့ နံနက်(၉)နာရီက ဗဟို(မူလွန်)ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ဇွန်လ(၂၆)ရက်ယနေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး လူငယ်များ၏အဓိကစိန်ခေါ်မှုတစ်ခုမှာ မူးယစ်ဆေးဝါးပြဿနာဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်နှင့် မူးယစ်ဆေးဝါးဖြစ်သည်ဟုအမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် အပင်တစ်မျိုးမျိုး ယင်းအပင်တစ်မျိုးမျိုးကထွက်ရှိသော (သို့မဟုတ်) ထုတ်လုပ်သော အရာဝတ္တုများကိုမူးယစ်ဆေးဝါးဟုသတ်မှတ်ကြောင်း၊ မူးယစ်ဆေးဝါးသည် လူများ၏ဆင်ခြင်တုံတရားများ၊ ကာယအား၊ ဉာဏအား၊ လူ့စွမ်းအားအရင်းအမြစ်အားလုံးကို အန္တရာယ်ပေးနိုင်ကြောင်း၊ လူငယ်များ၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများစွာ ပျက်စီးဆုံးရှုံးစေသည့် ပစ္စည်းတစ်မျိုးဖြစ်ပါကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ(အခမဲ့)ဖြန့်ဝေခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြထားသည့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြသည်။ အခမ်းအနားသို့ ဗဟို(မူလွန်)ကျောင်းမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)