မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲပြုလုပ်

မြင်းခြံ ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်ရခြင်း အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလယ်တန်းနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု ရရှိခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ တာဝန်ရှိသူများမှ ဆုချီးမြှင့်ပေးအပ်ရာ ကျောင်းသား/ ကျောင်းသူများက အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)