ဟိုပုံး ဇွန် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်နှင့် စံပြစိုက်ခင်းများအတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးရုံး၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ ဟိုပုံးမြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ်နှင့် စံပြစိုက်ခင်းများအတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများထောက်ပံ့ပေးအပ်ရခြင်းမှာ မြို့နယ်အတွင်း မျိုးစေ့ထုတ်စိုက်ခင်းများဖော်ဆောင်ခြင်းဖြင့် မျိုးဖူလုံမှုရရှိစေရန်၊ အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေသော စံပြစိုက်ခင်းများဖော်ဆောင်၍ တောင်သူများလက်တွေ့သိမြင်ပြီး လိုက်နာစိုက်ပျိုးခြင်းဖြင့် သီးနှံများအထွက်နှုန်းတိုးတက်လာ၍ ဒေသတွင်း ဆန်၊ ဆီဖူလုံမှုရရှိစေရန်၊ ကော်ဖီပျိုးပင်များဖြန့်ဝေခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိစေရန်နှင့် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် လယ်ယာသုံးစက်ကိရိယာများထောက်ပံ့ပေးခြင်းစသည့် ရည်ရွယ်ချက်များဖြင့်ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြို့မအုပ်စု၊ ပေါင်လင်းကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာအုပ်စုနှင့် လွယ်အွန့်ကျေးရွာအုပ်စုရှိ မျိုးစေ့ထုတ်နှင့် စံပြစိုက်ခင်းများအတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)