နေပြည်တော် ဇွန် ၂၅
နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းက အမှာစကားပြောကြားရာ၌ ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်အောင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကိုပါ အလေးထား ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ကလေးများ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျောရိုးဖြစ်သည့် လူသားအရင်းအမြစ်များ အားကောင်းလာစေရန် ကလေးငယ်များ၏ အခွင့်အရေးများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအနေဖြင့် ကလေးများအတွက် ကောင်းမွန်သည့် အနာဂတ်ကောင်းများ ဖန်တီးပေးနိုင်ရန် ဆွေးနွေးချက်များ၊ အကြံပြုချက်များ၊ အနာဂတ်ကလေးများ၏ အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များကို အလေးအနက်ထား ဆွေးနွေးပေးကြပါရန်နှင့် နိုင်ငံတော်၏ အနာဂတ်အတွက် ကလေးငယ်များအား စနစ်တကျ ကာကွယ်စောင့်ရှောက်ပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ကလေးသူငယ် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သျှင်ဦးမောင်(ဒက္ခိဏ)