ခိုလမ် ဇွန် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ သစ်တောဦးစီးဌာနမှ ပြည်သူများအား သစ်တော၊ သစ်ပင်၏တန်ဖိုးများကို သိရှိနားလည်စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို အလေးထားတတ်စေရန်၊ ရာသီဥတုကောင်းမွန်မျှတရေး၊အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရန်ရည်ရွယ်၍ ဇွန်လ ၂၄ ရက်နေ့ နံနက် (၈) နာရီအချိန်က ခိုလမ်မြို့၊ ဟိုင်းလိုက်ကျေးရွာအုပ်စု (၂၉) မိုင်ကျေးရွာတွင် ပထမအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချူပ်မှ တာဝန်ရှိသူတစ်ဦးမှ သစ်ပင်စိုက်ပျိုးရသည့်အကျိုးကျေးဇူးအကြောင်းကို ရှင်းပြအဖွင့်အမှာစကားပြောကြားခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသီတာနွယ်တို့က ပျိုးပင်များကို ပေးအပ်ခဲ့ပြီး နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူးဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ၂၀၂၆ခုနှစ် ပထမအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ အရေှ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိစစ်သည်များနှင့် ရဲမေများ၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိဘပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များက တပြေဘူတ (၁၀)၊ ခါတော်မီ (၅၀)၊ စိန်ပန်းနီ (၈၀)၊ ချယ်ရီ (၅၀)၊ မျောက်ငို (၂၅၀)၊ မဟော်ဂနီ (၁၀)၊ ကံ့ကော်ပင် (၁၀)၊ ခရေပင်(၁၀)၊ ပိတောက်ပင် (၁၀)၊ မဲဇလီပင် (၅၂၀) ပင် စုစုပေါင်းပျိုးပင် (၁၀၀၀) ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
ခိုလမ်(ပြန်/ဆက်)