ကလော ဇွန် ၂၆
မြန်မာအမျိုးသမီးများ၏ အခွင့်အရေးနှင့် တန်းတူညီမျှမှုကို မြှင့်တင်ရန်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုကို အသိအမှတ်ပြုရန်၊ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးတွင် အမျိုးသမီးများ၏ အရေးပါသော အခန်းကဏ္ဍကို ထင်ရှားစေရန်၊ မျိုးဆက်သစ်အမျိုးသမီးများအား အားပေးတိုက်တွန်းရန်အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းရင်းသားရိုးရာဝတ်စုံသရုပ်ပြသပွဲကို ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာမနှင့်တိုင်းရင်းသားရိုးရာအဖွဲ့တို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသူများက "မြန်မာအမျိုးသမီးများနေ့" သီးချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကလောခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် "နိုင်ငံဂုဏ်ဆောင်ထူးချွန်ဖို့ မြန်မာအမျိုးသမီးများကြိုးစားစို့" ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့သော ဆုရရှိသည့် ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် လက်မှတ်များအား ခရိုင်အဆင့် ဌာနဆိုင်ရာ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာဝတ်စုံများဖြင့် သရုပ်ဖော်တင်ဆက်ကပြခဲ့ကြပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသူများက "မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်းသိရှိရသည်။
ကျော်ဝင်း(ကလော)