အမှတ် (၃၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ချမ်းမြသာစည် ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ​အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်ကြမည့် လူငယ်မောင်မယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်နှင့်​ပြည်စုံစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၆ ရက် မွန်းလွဲ ၁ နာရီက အမှတ် (၃၁) အခြေခံပညာအထက်တန်းကျောင်း အောင်မေတ္တာခန်းမတွင် ကျင်းပပြုလုပ်သည်။

​ဦးစွာ လူငယ်ရေးရာအသိပညာ​ပေး ဟောပြောပွဲတွင် အမှတ် (၃၁) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကိုယ်စား အထက်တန်းပြဆရာမ ဒေါ်ခင်လေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က စိုက်ပျိုး ရေးနှင့်ပတ်သက်သော အခွင့်အလမ်းများအကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန နည်းပြဆရာမ ဒေါ်ခတ္တာစုလှိုင်က အားကစားနည်း အမျိုးအစားများနှင့် အားကစားပြုလုပ်ခြင်းမှ ရရှိသော အကျိုးကျေးဇူးများအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် မြန်မာ့ရိုးရာယဥ်ကျေးမှုများကို ထိန်းသိမ်းသင့်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ခင်းကျင်းပြသထားသော မှုးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံစာစောင်များ၊ ကလေးအလုပ်သမားခိုင်းစေမှု လျော့နည်းပပျောက်စေရေး အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များကို ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

အဆိုပါ အသိပညာ​ပေးဟောပြောပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနမှ နည်းပြ ဒေါ်ခတ္တာစုလှိုင်၊ အမှတ် (၃၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း လူဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှိုးသီဟမိုး (ချမ်း/စည် ပြန်/ဆက်)