ကျောက်မဲ ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရက် (၁၀၀) “လမင်း” စီမံချက်အရ မြို့နယ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ရပ်ကွက် (၂) ရှိ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် Biometric (UID) ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ဝန်ဆောင်မှုအဖြစ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်နေမှုကို မွန်းတည့် ၁၁ နာရီခွဲခန့်တွင် ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦကျော်ဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် အဖွဲ့ဝင် ဦးသန့်ဇော်ဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်နှင့် ကျောင်းအုပ်ဆရာကြီး ဦးစိုင်းသိန်းဝင်းတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက ကတ်ပြားပြုလုပ်ပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူအချို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စကားပြောကြားခဲ့သည်။
ယနေ့ ကွင်းဆင်းဆောင်ရွက်မှုတွင် အမှတ် (၈) အခြေခံပညာမူလတန်းကျောင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြား ပြုလုပ်သည့် ကျောင်းသား ၃၅ ဦးနှင့် ကျောင်းသူ ၂၉ ဦး (စုစုပေါင်း ၆၄ ဦး) တို့အား နေ့ချင်းပြီး စိစစ်ထုတ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)