ကလောမြို့၌ မြန်မာအမျိုးသမီးများနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲကျင်းပ

ကလော ဇွန် ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီကမြန်မာအမျိုးသမီးများနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ခရိုင်၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊‌ ဆရာမများနှင့်ကျောင်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကလောခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ ဥက္ကဌ ဒေါ်‌အေးသက်လှိုင်တို့က အမျိုးသမီးများဆိုင်ရာ ကာကွယ်ပေးထားသည့် အခွင့်အရေးဥပဒေနှင့် လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှုတို့ကို ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်သင်းသင်းရီက အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏများခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယ ရဲအုပ် ဆုပွင့်လွင်က စိတ်ကိုပြောင်းလဲစေနိုင်သော မူးယစ်ဆေးဝါးများအကြောင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခိုင်စုစုညိမ်းက စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ အသီးသီးအသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။

ကျော်ဝင်း(ကလော)