ညောင်ဦးမြို့နယ် ပြောင်းဖူးစိုက်ပျိုးတောင်သူများ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဈေးအကောင်းဆုံးဖြင့် ရောင်းချနေရ

ညောင်ဦး ဇန်နဝါရီ  ၂၂

          မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သူကောင်းတည်ကျေးရွာအုပ်စု၊ လက်ပံခြေ ပေါ်အုပ်စုနှင့်သစ်ထောင့်ကျွန်းကျေးရွာအုပ်စုရှိကျေးရွာများသည် ညောင်ဦး-ပခုက္ကူ-မြင်းခြံ သွားကားလမ်းမကြီးဘေး ဝဲ/ယာ တွင်တည်ရှိကာ ဒေသခံတောင်သူများသည် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပြောင်းဖူးစိုက်ပျိုးခြင်းအား တစ်နှစ်ပတ်လုံးစိုက်ပျိုးရောင်းချခြင်းဖြင့် ဝင်ငွေကောင်းနေကြကြောင်း ပြောင်းဖူးစိုက်တောင်သူ ဦးဝင်းတင့်ထံက သိရသည်။

          အဆိုပါကျေးရွာအုပ်စုများရှိ ကျေးလက်တောင်သူများသည် တစ်နှစ်ပတ်လုံးပြောင်းဖူးများသာစိုက်ပျိုးကြပြီး တစ်နှစ်လျှင်လေးကြိမ်အထိ စိုက်ပျိုးကြကြောင်း၊ မြစ်ရေတင်ဖြင့်စိုက်ပျိုးကြသည့်တောင်သူများရှိသလို၊ မြေအောက်ရေတွင်းတူးကာ ရေစုပ်စက်ဖြင့်တင်၍ ရေသွင်းစိုက်ပျိုးကြသည့်တောင်သူများလည်းရှိကြောင်း၊ သကြားပြောင်းဖူးနှင့်အစီး(စေး) ပြောင်းဖူး (၂)မျိုးသာ အများဆုံးစိုက်ပျိုးကြပြီး ကြက်တမော့ပြောင်းဖူးလည်းစိုက်ပျိုးကြကြောင်း သိရသည်။

ထွက်ရှိလာသည့် လတ်လတ်ဆတ်ဆတ်ပြောင်းဖူးများအား ကားလမ်းမကြီးဘေးတွင် ရောင်းချရသလို၊ မြင်းခြံ၊ ညောင်ဦး၊ ပခုက္ကူ၊ ပုဂံ၊ ကျောက်ပန်းတောင်းပွဲစားများမှ လာရောက်ဝယ်ယူကြသည်လည်းရှိကြောင်း၊ ပလင်းကမ်းသာယာဆင်စခန်းမှလည်း ဆင်စာအတွက် အမြဲဝယ်ယူနေကြောင်း၊ ရန်ကုန်၊ မန္တလေး ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူရာတွင် ကားဖြင့်တခါလာရောက်ဝယ်ယူလျှင် ပြောင်းဖူး အဖူးရေ တစ်သောင်းမှသုံးသောင်းထိ ရောင်းချရကာ ယခုနှစ်တွင် ပြောင်းဖူးဈေးကောင်းနေကြောင်း၊ အခါတိုင်းနှစ်များ ပြောင်းဖူး ဆယ်ဖူးဈေး (၁၂၀၀)ကျပ် ရှိရာမှ ယခုအခါ ဆယ်ဖူးဈေး(၂၀၀၀)ကျပ်ဖြင့် ရောင်းချနေရကြောင်း၊ ပြောင်းဖူးအား ကိုယ်တိုင်စိုက်ပျိုးသလို ပြောင်းဖူးပွဲစားအလုပ်ပါ တွဲဖက်လုပ်ကိုင်နေသည့် ဦးဝင်းတင်က ရှင်းပြ သည်။

          မိုးရာသီတွင် ပြောင်းဖူးစိုက်လျှင် ရက်(၉၀)ဖြင့်ပြောင်းဖူးရရှိကာ ၊ နွေရာသီစိုက်ပျိုးချိန် တွင်(၇၅)ရက်ဖြင့် ပြောင်းဖူးပေါ်ကြောင်းသိရသည်။ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုရှိ ကျေးရွာများ၊ သူကောင်းတည်အုပ်စုရှိကျေးရွာများ၊ သစ်ထောင့်ကျွန်းအုပ်စုရှိပြောင်းဖူးစိုက် တောင်သူများသည် ပြောင်းဖူးဈေးကွက်တစ်နှစ်ပတ်လုံးကောင်းမွန်ခြင်းကြောင့် တစ်နှစ်ပတ် လုံးပြောင်းဖူးစိုက်ပျိုးကြခြင်းဖြင့် စီးပွားရေးအဆင်ပြေကာ ကိုဗစ်-၁၉ရောဂါကာလ အကောင်းဆုံးဈေးဖြင့် ရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။

ကိုထိန်၊KPD