တောင်ကြီး ဇွန် ၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇွန်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ၊ ဆည်ရွာကျေးရွာနှင့် ကျွန်းကြီးကျေးရွာရှိ ဒေသခံတောင်သူများနှင့် သွားရောက်တွေ့ဆုံပြီး၊ ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းတို့က အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ၊ ဆည်ရွာကျေးရွာနှင့် ကျွန်းကြီးကျေးရွာရှိ ဒေသခံတောင်သူများက ဒေသအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြကြရာ ပြည်နယ်ဝန်ကြီးက ရေရရှိရေးလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အလိုက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထိုမှတဆင့် ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအနီးရှိ ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၇)မှ တာဝန်ရှိသူတစ်ဦးက ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ဇော်ဂျီနှင့်မြို့ကြီးရေလှောင်တမံများသို့ ရေကူဖြည့်ပေးလျက်ရှိမှု အခြေအနေအားလည်းကောင်း၊ ကျိုင်းခမ်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများအား စိုက်ပျိုးရေနှင့် သောက်သုံးရေများ အကျိုးပြုလျက်ရှိမှု အခြေအနေကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လယ်မြေဧရိယာများစွာကို နွေစပါး၊ မိုးစပါးများ နှစ်သီး၊ သုံးသီး စိုက်ပျိုးနိုင်မည့် အခြေအနေကိုလည်းကောင်း၊ ကျိုင်းခမ်းရေလှောင်တမံဆိုင်ရာ အချက်အလက်များနှင့် ရေလှောင်တမံဘက်စုံစီမံကိန်း၏ အကျိုးပြုမှုများအားလည်းကောင်း၊ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျိုင်းခမ်းရေလှောင်တမံတစ်လျှောက်သို့လည်းကောင်း၊ ကျိုင်းခမ်းရေအားလျှပ်စစ်စက်ရုံ အတွင်းသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြရာ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး၊ ပြည်နယ် ဝန်ကြီးက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့် စိုက်ပျိုးရေးကဏ္ဍများအတွက် များစွာအကျိုးပြုသည့် ဘက်စုံစီမံကိန်းဖြစ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးများအား အထူးဂရုပြု ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဗထူးတပ်နယ်အတွင်း ရေကြီးရေလျှံမှု လျော့နည်းစေရန်နှင့် စိုက်ပျိုးရေပေးဝေနိုင်စေရန် (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်/ ပြည်ထောင်စုရန်ပုံငွေဖြင့် ဗထူးစမ်းဆည်(၂) အထက်ပိုင်း ရေပိုလျှံထုတ် အဆောက်အဦ (Spillout Structure) တည်ဆောက်လျက်ရှိသည့် လုပ်ငန်းနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောာင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)