မိုင်းယု ဇွန် ၂၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ပြည်သူလူထုအတွင်း ဖြစ်ပွားလာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား အချိန်မီတုံ့ ပြန်ကူညီကယ်ဆယ်နိုင်ရေးအတွက် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး မော်တော်ဘုတ်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အသင့်အသုံးပြုနိုင်ရန် စမ်းသပ်မောင်းနှင်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက် မီးသတ်ဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်သူများဘေးအန္တရာယ်ကြုံတွေ့ရပါက အရေးပေါ် ကူညီကယ်ဆယ်နိုင်ရန်အတွက် အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ်ရင်းမှ အရေးပေါ်ရှာ ဖွေကယ်ဆယ်ရေးသုံး မော်တော်ဘုတ်များ၊ အသက်ကယ်အင်္ကျီ (Life Jackets)များနှင့် ကယ်ဆယ်ရေးကြိုးများ၊ သစ်ပင်လဲပြိုမှုများအား ရှင်းလင်းရန် စက်လွှ(Chainsaw)များ၊ မီးခိုးနှင့် အဆိပ်ငွေ့ကာကွယ်ရေးသုံး အသက်ရှူကိရိယာ (SCBA)များ၊ ရှေးဦးသူနာပြုစုရေးသေတ္တာနှင့် လူနာတင်ထမ်းစင် (Stretcher)များစသည့် အရေးပေါ်ပစ္စည်း ကိရိယာစုံလင်စွာကို မြို့လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုင်းအွန်ခမ်းထံ ပေးအပ်ခဲ့ပြီး ဆက်စပ်ပစ္စည်းများ၏ အသုံးပြုပုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ထောက်ပံ့ပေးပွဲသို့ တက်ရောက်လာကြသည့် အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ်ရင်းမှ ဗိုလ်ကြီး ရန်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက လက်တွေ့နယ်ပယ်တွင် ကြန့်ကြာမှုမရှိဘဲ ချက်ချင်းအသုံးပြုရွှေ့ပြောင်းနိုင်ရေးအတွက် ကယ်ဆယ်ရေးမော်တော်ဘုတ်များနှင့် စက်ပစ္စည်းကိရိယာများကို တာဝန်ရှိသူများက နမ့်လွေချောင်း၌ စမ်းသပ်မောင်းနှင်ကာ အဆင့်ဆင့်စနစ်တကျ စမ်းသပ်စစ်ဆေးလေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ကိုကိုနိုင်