ပုဇွန်တောင် ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၃၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူးကိုကိုဝင်းမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း များနှင့် ပတ်သက်၍ မော်တော်ယာဉ် မောင်းနှင်ရာ၌ မော်တော်ယာဉ်မောင်းနှင့်ဘေးတွင် စီးနင်းသူများ ထိုင်ခုံခါးပတ်များပတ်ရန်၊ ယာဉ်မောင်းစဉ် ဖုန်းမပြောရန်၊ ယာဉ်များအား ဘာကြောင့်ရပ်ရပ် လမ်းဘေးချရပ်ရန်၊ မော်တော်ဆိုင်ကယ်များ ပါဝါအိပ်ဇောများ တပ်ဆင် အသုံးပြုခြင်းမပြုရန်၊ သတ်မှတ်နံပါတ်ပြားတပ်ဆင်ရန်နှင့် အလှနံပါတ်ပြားများ တပ်ဆင်ခြင်း မပြုလုပ်ရန်၊ ခြေလျင်လျှောက်သူ၊ လမ်းအသုံးပြုသူများ စည်းကမ်းနှင့်အညီ သွားလာစေရေး၊ ယာဉ်မဆင်မခြင် မောင်းနှင်ခြင်းများကြောင့် ယာဉ်တိုက်မှုအန္တရာယ် မဖြစ်ပွားစေရန် Quick Win စီမံချက်နှင့်အညီစစ်ဆေး ပညာပေးခြင်းများ ဆောင်ရွက်နေကြောင်း၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများနှင့် ပတ်သက်၍ လက်ကမ်းစာစောင်များအတိုင်း လိုက်နာဆောင်ရွက်ပြီး အသိပညာများ ပြန့်ပွားအောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းဟောပြောခဲ့သည်။
ဟောပြောပွဲအပြီး၌ အသိပညာပေး မှတ်တမ်းဗီဒီယိုများ ပြသပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသူ/ကျောင်းသားများက သိရှိလိုသည်များအား မေးမြန်းမှုအပေါ် ဒုရဲမှူးကိုကိုဝင်းမှ ပြန်လည်ဖြေကြားခဲ့ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်