ကျောက်ဆည် ဇွန် ၂၆
အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်ဆည်ခရိုင်)မှ ယာဉ်မတော်တဆမှုကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရခြင်းများ မဖြစ်ပွားစေရေး ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဒေါ်သင်းပျံ့ကြူက ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အရေးကြီးလူငယ်များဖြစ်သည့်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တိကျစွာ လိုက်နာသွားကြရန် အမှာစကား ပြောကြားခဲ့ပြီး အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျောက်ဆည်ခရိုင်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးထိန်လင်းအောင်က ကျောက်ဆည်ခရိုင်အတွင်းဖြစ်ပွား ခဲ့သော ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာနှင့် သေဆုံးမှု ဖြစ်စဉ်များအကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းသူများနှင့် လိုက်ပါစီးနင်းသူများ၊ မော်တော်ကားမောင်သူများနှင့် လိုက်ပါစီးနင်းသူများ၊ လမ်းဖြတ်ကူးသူများ လိုက်နာရမည့် စည်းကမ်းများနှင့် ဥပဒေပုဒ်မများ အကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲသို့ မေတ္တာကိုယ်ပိုင်ကျောင်း(ကျောက်ဆည်မြို့)မှ ကျောင်းတည်ထောင် အုပ်ချုပ်သူ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းပျံ့ကြူနှင့် ဆရာ/ဆရာမ ၃၀ ဦး၊ ကျောင်းသား /ကျောင်းသူ ၄၅၄ ဦး၊ စုစုပေါင်း ၄၈၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)